မန္တလေး မတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်သံဃနာယကအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲအောင်လက်မှတ် ပေးအပ်ပွဲအခမ်းအနားကို မတ်လ ၁၀ ရက်နေ့ မွန်းလွဲ သုံးနာရီခွဲအချိန်က သီရိဟေမာအနောက်ရပ်ကွက်ရှိ မဟာလာကရံသီ အိမ်တော်ရာစေတီ၊ ရတနာဃရ (၁၄)ခန်း ဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များကအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မိုးကောင်းတိုက်၊ သုံးထပ်စာချကျောင်းဆရာတော် ဘဒ္ဒန္တဝိဓူရက ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်သင်ကြားပးနိုင်ခဲ့မှုများနှင့် ယခုနှစ်တွင် ဖွင့်လှစ်မည့်အစီအစဉ်များကို ရှင်းလင်းဟောပြောသည်။ ထို့နောက် ယဉ်ကျေးလိမ္မာအသင်းများ၊ ဓမ္မစကူးများမှ ကြီးကြပ်အုပ်ချုပ်သူ ဆရာတာ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွဋ်က သင်္ကန်းနှင့်လှူဖွယ်များ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲများတွင် ယဉ်ကျေးမှု၊ မြန်မာစာနှင့် အဘိဓမ္မာ သုံးဘာသာအောင်မြင်သူ ၁၃ ဦး၊ နှစ်ဘာသာအောင်မြင်သူ ၂၁ ဦး၊ တစ်ဘာသာအောင်မြင်သူ ၁၁၄ ဦးတို့အား အောင်လက်မှတ်များ ပေးအပ်ကြကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းရုပ်သိမ်းလိုက်သည်။
ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများအား မြို့နယ်သံဃနာယကအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၇.၄.၂၀၂၃ ရက်နေ့မှ ၂၄.၄.၂၀၂၃ ရက်နေ့အထိ မြို့နယ်အတွင်း သတ်မှတ်နေရာအသီးသီးတွင် သင်တန်းနေရာ ၅ ခု သတ်မှတ်ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ယဥ်ကျေးမှုဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသူ ၁၆၅ ဦး၊ မြန်မာစာဘာသာရပ်တွင် ၈၀ ဦး၊ အဘိဓမ္မာဘာသာရပ်တွင် ၂၄ ဦးရှိကြောင်း၊ ဖြေဆိုအောင်မြင်သူများကိုသာ အောင်လက်မှတ်ပေးအပ်ခြင်းဖြစ်ကြောင်း သိရရှိသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)