ဆီဆိုင် နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ရပ်ကွက်နှင့် ကျေးရွာများမှ အသက် ၂ နှစ်အောက်ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီခန့်က ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးပေးရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်မေမြတ်သူနှင့် အဖွဲ့ဝင်များက အသက် ၂ နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့် ကာကွယ်ဆေးများကို ထိုးနှံပေးခြင်းနှင့် ကလေးကိုယ်အလေးချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ခွန်ရဲထွေး(ဆီဆိုင်)