မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှု

မန္တလေး မတ် ၁၂

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့ နံနက်ပိုင်းက အခြေခံပညာအထက်ကျောင်းများတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လိုက်လံကြည်ရှုကြသည်။

ထိုသို့ လိုက်လံကြည့်ရှုကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချမ်းအေး သာစံမြို့နယ်ရှိ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း၊ အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မဟာအောင်မြေမြို့နယ်ရှိ အမှတ် (၁၃) အခြေခံပညာ အထက်တန်းကျောင်းများသို့ ရောက်ရှိစဉ် တိုင်းဒေသကြီး ပညာရေးမှူး၊ ကျောင်းအုပ် ကြီးများနှင့် တာဝန်ရှိသူများက စာဖြေခန်းများတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများ၊ စာရင်းရှိ၊ ဖြေဆိုမှု၊ ပျက်ကွက်မှု အခြေအနေများ၊ စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ဆရာဆရာမများက ကျောင်းသားကျောင်းသူများအား စာမေးပွဲ ဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာမေးပွဲပြီးဆုံးသည်အထိ ကျောင်းသား/ကျောင်းသူများ စိတ်အနှောင့်အယှက် မဖြစ်စေဘဲ အေးချမ်းစွာ ဖြေဆိုရေး အလေးထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း ပြောကြားပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ 

ထိုသို့ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည်ရှုပေးလျက်ရှိသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မန္တလေးတိုင်းဒေသကြီးအတွင်း စာစစစ်ဌာန ၇၄ ခု ဖွင့်လှစ်ထားရှိပြီး ယနေ့ မြန်မာစာဘာသာရပ်တွင် ဖြေဆိုသူ ၁၉၄၄၂ ဦး (ဖြေဆိုမှု ၉၆.၁၇ ရာခိုင်နှုန်း) ရှိကြောင်း  သိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)