ကျောက်ပန်းတောင်း မတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများတွင် အညာတောင်သူများ ယုံကြည်ကိုးကွယ်သည့် ပုန်းမကြည်ရှင်မ ပူဇော်ပသသည့်၊ တပေါင်းလဆန်း (၃)ရက်နေ့ဖြစ်သော၊ မတ်လ(၁၂)ရက် နေ့တွင် အညာအခေါ် ပုန်းမကြည်မှောက်ခြင်း(ပူဇော်ပခြင်း) အလေ့အထ ဆောင်ရွက်ရန်အတွက် ယမန်နေ့ ညနေပိုင်းမှစတင်၍ အခါမုန့် ခေါ် မုန့်ဆီကြော် ကြော်ခြင်း၊ ပုန်းမကြည်ပန်းခူးခြင်းများကို ကျေးရွာများရှိ မိသားစုတိုင်း ပျော်ရွှင်စွာဆောင်ရွက်နေကြကြောင်းသိရသည်။
အခါမုန့် ခေါ် မုန့်ဆီကြော်ပြုလုပ်ရန်အတွက် ကောက်ညှင်းဆန်မှုံ့နှင့် ထန်းလျှက်ရည်၊ အုန်းဆန်၊ ငှက်ပျောသီး အနည်းငယ်တို့ကို ရေ၍ မုန့်ရည်ပြစ်ပြစ်ရသည်အထိမွှေကာ ပဲဆီသန့်သန့်တွင် ကြော်ရခြင်းဖြစ်ကြောင်းသိရပြီး၊ မုန့်အနီအတွက် ထန်းလျှက်ရည် ကဲ၍ မုန့်အဖြူအတွက် အချို့က သကြားသုံးကြကြောင်း သိရသည်။ ကောက်ညှင်းဆန်မှုန့် တစ်ပိသာလျှင် ငွေကျပ် ၃၃၀၀ ပေးရကြောင်းနှင့် ကောက်ညှင်း တစ်ပိဿာအတွက် ဆီ(၅၀)ကျပ်သား ၇၅၀၀ကျပ်၊ ထန်းလျှက် ၂၅ ကျပ်သား ၁၂၅၀ ကျပ် ဖြစ်ရာ၊ ကောက်ညှင်းဆန်မှုန့် တစ်ပိသာကြော်လျှင် ငွေကျပ် ၁၅၀၀၀ ခန့်ကုန်ကျကြောင်း သိရသည်။ မုန့်ဆီကြော်နှင့်အတူ တောင်သူများက လူရုပ်၊ နွားရုပ်၊ လှည်းရုပ်ပုံများ၊ ထန်းသမားများက လှေကားပုံ၊ မြူအိုးပုံ၊ ထန်းပင်ပုံများ စသည့် အရုပ်များပြုလုပ်၍ ကြော်ကြပြီး၊ အခါရက်မတိုင်မီ ညနေပိုင်းတွင် ပုန်းမကြည် ပူဇော်ရန် သီးသန့် ခွဲခြား၍ ကျန်မုန့်များကို ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် ရွာအတွင်းရှိ သက်ကြီး ရွယ်အိုများအား လှူဒါန်းခြင်း၊ မြို့ပေါ်ရှိ ဆွေမျိုး/မိတ်ဆွေ သင်္ဂဟများထံ လက်ဆောင်ပေးပို့ခြင်းတို့ ပြုလုပ်ကြကြောင်းသိရသည်။ ပုန်းမကြည်ရှင်မကို အညာ တောင်သူများက လယ်ယာ သီးနှံကောင်းစေရန်၊ မိုးဦ၊မိုးလယ်၊ မိုးနှောင်းကောင်းစေရန် ရည်ရွယ်၍ ပူဇော်ပသကြခြင်းဖြစ် ကြောင်းသိရပြီး၊ လဖက်၊ ဘဲဥ၊ ငါးကြော်၊ ထမင်းများနှင့် မုန့်ဆီကြော် အဖြူ/အနီများ၊ အရုပ်မုန့်များကို အိုး သို့မဟုတ် ထမင်းအိုး၊ ချိုင့်များဖြင့်ထည့်ပြီးလျှင် မိမိတို့နေအိမ်အတွင်း ချောင်ကြသည့်နေရာများ၊ နွားတင်းကုတ်များ၊ ဆီဆုံများနှင့် လှည့်/ယာဉ် အစရှိသည့်နေရာများနှင့် မိမိတို့ ယာကွက်/လယ်ကွက်များရှိ သစ်ပင်၊ သစ်ကိုင်းများ၌ အလင်းရောင်မလာခင် သွားရောက်ချိတ်ဆွဲထားရှိကာ၊ ပုန်းမကြည်ရှင်မအား ပူဇော်ပသကြပြီး၊ လာမည့်နှစ်တွင် မိုးလေဝသ မှန်ကန်စေရန်၊ သီးနှံကောင်းစေရန်နှင့် ဘေးအန္တရာယ်များ ကင်းရှင်းကြစေရန် ဆုတောင်းမေတ္တာပို့သကြကြောင်းသိရပြီး၊ အခြားသူများက အဆိုပါ ပုန်းမကြည်အိုးများကို ခိုးယူစားသောက်ခြင်းဖြင့် အညာဒေသ၏ ပျော်စရာ ရိုးရာ၊ဓလေ့ တစ်ခုကို အဆုံးသတ်လေ့ရှိကြကြောင်းသိရသည်။
အဆိုပါ အခါမုန့်ကြော်ခြင်းကို အချို့က မိမိတို့ နေအိမ်၌ပင် ကြော်ကြသော်လည်း အချို့ကျေးရွာများက မီးဘေး အန္တရာယ် ကင်းရှင်းစေရန်အတွက် ရွာအပြင် ကွင်းပြင်ကျယ်တွင် မုန့်ကြော်ခြင်းကို တစ်စုတစ်ဝေးနှင့် တစ်ပျော်တစ်ပါး ဆောင်ရွက်ကြလေ့ရှိကြောင်းသိရပြီး ချစ်စရာ အညာဓလေ့တစ်ခုအဖြစ် နှစ်စဉ် ကျင်းပမြဲ၊ ထင်ရှားသော ရိုးရာပွဲတစ်ခုဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)