ကျိုင်းတောင်း နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲရုံများသို့ ဆန္ဒမဲလာရောက်မပေးနိုင်သည့်သူများအား အိမ်တိုင်ရာရောက်စနစ်ဖြင့် ကြိုတင်ဆန္ဒမဲ ပေးခြင်းကို ယနေ့ နံနက်ပိုင်း ၁၀ နာရီခန့်က ရပ်ကွက်အတွင်းသို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးကြရာတွင် မဲရုံများသို့ ကိုယ်တိုင်ကိုယ်ကျလာရောက် မဲမပေးနိုင်သည့် သက်ကြီးဘိုးဘွားများ၊ နာမကျန်းသူများ၊ မသန်စွမ်းသူများနှင့် သားဖွားမိခင်များအား ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေး မဆုံးရှုံးစေရန်အတွက် အိမ်တိုင်ရာရောက် ဆန္ဒမဲပေးစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ထိုသို့ ဆောင်ရွက်ကြရာတွင် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ရွေးချယ်ခံနိုင်ငံရေး ပါတီများ၏ တာဝန်ပေးအပ်ထားသော ကိုယ်စားလှယ်များတို့က လိုက်ပါစောင့်ကြည့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)