မြစ်ကြီးနား မတ် ၁၁
၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း(Grade-12) စာမေးပွဲ ပထမနေ့ကို နိုင်ငံတစ်ဝှမ်းလုံး၌ စတင်ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့ပေါ် အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာနများ၌ ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12)စာမေးပွဲ အေးချမ်း တည်ငြိမ်စွာ ဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက စာမေးပွဲဖြေဆိုနေသော ကျောင်းသား/ ကျောင်းသူများ နှင့် ကြီးကြပ်ရေး ဆရာ/ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ စောင့်ကြပ်ကူညီမှုဖြင့် အေးချမ်းစွာဖြေဆိုနေသည့် အခြေအနေများကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျောင်းဝင်းအတွင်း ကျောင်း၏ (၁၉၂၃ မှ ၂၀၂၄ ထိ) နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပွဲတော်အတွက် အထိမ်းအမှတ်ကျောက်တိုင် တည်ဆောက်ထားရှိမှု၊ ရာပြည့်စာကြည့် တိုက်ဆောက်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား မိဘများနှင့် တာဝန်ကျ ကြီးကြပ်ရေးဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးကာ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုများကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ကချင်ပြည်နယ်အတွင်း ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာနပေါင်း (၂၇) ခု ဖွင့်လှစ်ထားပြီး စာရင်းရှိ ကျောင်းသား/ ကျောင်းသူဦးရေ (၆၀၀၇)ဦး ရှိသည့်အနက် ယနေ့ စာမေးပွဲ ပထမနေ့တွင် ကျား (၂၂၁၇)ဦးနှင့် မ (၃၅၃၀)ဦး စုစုပေါင်း (၅၇၄၇)ဦး ဖြေဆိုခဲ့ကြကြောင်းနှင့် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့တွင် စာစစ်ဌာန(၄)ခုဖွင့်လှစ်ထားပြီး စာရင်းရှိစာမေးပွဲဖြေဆိုသူဦးရေ (၁၃၈၅)ဦးအနက် ယနေ့ စာမေးပွဲ ပထမနေ့တွင် ဖြေဆိုသူ (၁၃၂၅)ဦးတို့ ဖြေဆိုလျက်ရှိရာ ကြီးကြပ် ရေးအဖွဲ့ဝင်ဆရာ/ဆရာများ၊ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စောင့်ရှောက်မှုဖြင့် အေးချမ်း တည်ငြိမ်စွာဖြေဆိုခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်