ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်စတင်ဖြေဆို

မြစ်ကြီးနား မတ် ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် စတင်ကျင်းပလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများရှိ စာစစ်ဌာန အသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများသည် ပထမနေ့အဖြစ် မြန်မာစာ ဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိသည်။

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သည့် ဗန်းမော်မြို့နယ်တွင် ဝင်ရောက်ဖြေဆိုသူ (၁၀၁၂) ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၅) ရာခိုင်နှုန်း၊ ရွှေကူမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၂၄၁) ဦး၊ မံစီမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၁၀၇) ဦးနှင့် မိုးညှင်းမြို့နယ်တွင် ဖြေဆိုသူ စုစုပေါင်း (၉၂၃)ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၈) ရာခိုင်နှုန်း၊ ဟိုပင်မြို့တွင် ဖြေဆိုသူစုစုပေါင်း (၂၅၁) ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၇.၃) ရာခိုင်နှုန်း၊ မိုးမောက်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၈၀) ဦး၊ ချီဖွေမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း(၄၀)ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်း  (၉၅.၂) ရာခိုင်နှုန်း၊ တနိုင်းမြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၃၄၄) ဦးဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၆) ရာခိုင်နှုန်း၊ ဝိုင်းမော်မြို့နယ်တွင် ဖြေဆိုသူစုစုပေါင်း (၂၅၃) ဦးဖြင့်  ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများမှသိရသည်။

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်း အတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက  စနစ်တကျစောင့်ကြပ် ကြည့်ရှုပေးလျက်ရှိကာ တာဝန်ရှိသူများကလည်း သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။