ကျောက်ပန်းတောင်း မတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာအုပ်စု ရွှေသိမ်တော်ဘုန်းတော်ကြီးကျောင်းဓမ္မရုံ၌ ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးတို့မှ သွားရောက်ကာ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးတို့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ကျေးရွာနေပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးနောင်ထွန်းနီမှ ဟောပြောပွဲသို့တက်ရောက်လာသော ကျေးရွာနေပြည်သူများကို ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်သော်လည်း လိုင်းပေါ်တွင် တွေ့နေရာသော ကောလာဟလများကို မယုံကြည်စေရန်နှင့် စိုးရိမ်မှုမလိုအပ်ကြောင်းနှင့် ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်ပါ အကြောင်းအရာများဖြစ်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ ရည်ရွယ်ချက်၊ အမျိုးသားရေးတာဝန်၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဥ်း၍ စုံစမ်းမေးမြန်းနိုင်သည့် ဖုန်းနံပါတ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး ဦးစိုးအောင်မှ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများကို ဟောပြောဆွေးနွေးပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ သိရှိလိုသော မေးမြန်းချက်များကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးမှ ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ နှစ်ကျပ်ခွဲကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်မိရပ်ဖ အင်အားစုစုပေါင်း ၁၁၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
UPWA