ဟိုမိန်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ဟိုမိန်း မတ် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ ပြည်သူများအအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိစေရန်၊ ပြည်သူလူထုအကြား ထင်ယောင်ထင်မှားဖြစ်စေမည့် ကောလဟလသတင်းများ ပျံ့နှံ့လာမှုအပေါ် ယုံကြည်မှုမရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြဋ္ဌာန်းခြင်း နောက်ခံသမိုင်း၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတိုင်း စောင့်ထိန်းရမည့် တာဝန်များ၊ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်များကို ကဏ္ဍတစ်ခုချင်းအလိုက် ရှင်းလင်းခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်ခြင်းနှင့်စပ်လျဉ်း၍ စိုးရိမ်ရန်မလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပေဒနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းချက်၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြားအလိုက် စစ်မှုထမ်းရန် ကြာမြင့်မည့်အချိန်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရှောင်လွဲပါက ကျခံရမည့်ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ကော်မတီဖွဲ့စည်းထားရှိမှုအခြေအနေ စသည်တို့ကို ပရိုဂျက်တာဖြင့် အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသူများမှ ပြည်သူ့စစ်မှုထမ်းခြင်းဥပဒေနှင့်ပတ်သက်၍ သိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့ပြီး ရပ်ကွက်/ကျေးရွာများထိ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းစကားလက်ကမ်းစာစောင်များကို မြို့အုပ်ချုပ်ရေးမှူးဦးသူရအောင် ဦးဆောင်၍ မြို့အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာမှ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဟိုမိန်းမြို့မဈေးနှင့် လူစည်ကားရာနေရာများ၊ ကားဂိတ်၊ လမ်းသွားလမ်းလာ၊ ဈေးရောင်း ဈေးဝယ်ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထက်ထက်(ဟိုမိန်း)