ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်  Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ဟိုပုံး မတ် ၁၁

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁)စာစစ်ဌာနနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၂) စာစစ်ဌာနတွင်  မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဟိုပုံးမြို့နယ်တွင် စာစစ်ဌာနတစ်ခုတည်းရှိပြီး အ.ထ.က(၁)စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား (၁၇၄)ဦး၊ ကျောင်းသူ (၃၂၈)ဦး စုစုပေါင်း (၅၀၂)ဦး၊ ဖြေဆို ကျောင်းသား (၁၆၇)ဦး၊ ကျောင်းသူ (၃၁၇)ဦး စုစုပေါင်း (၄၈၄)ဦး၊ ပျက်ကွက် ကျောင်းသား (၇)ဦး၊ ကျောင်းသူ (၁၁)ဦး စုစုပေါင်း (၁၈)ဦး ရာခိုင်နှုန်းအားဖြင့် (၉၆.၄၁)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုပြီး ဟိုပုံးမြို့ အ.ထ.က(၂) စာစစ်ဌာနတွင် ဆီဆိုင်မြို့နယ်မှ စာစစ်ဌာန(၄)ခုဖြစ်သည့် အ.ထ.က (ဆီဆိုင်)၊ အ.ထ.က (ဘန်းယဉ်)၊ အ.ထ.က(ဆိုက်ခေါင်)နှင့် အ.ထ.က(ထမ့်ယမ်း) စာစစ်ဌာနတို့မှ စာရင်းရှိ ကျောင်းသား (၁၂၈)ဦး၊ ကျောင်းသူ(၂၆၃)ဦး စုစုပေါင်း (၃၉၁)ဦး၊ ဖြေဆို ကျောင်းသား (၉၁)ဦး၊ ကျောင်းသူ (၁၇၃)ဦး၊ စုစုပေါင်း(၂၆၄)ဦး၊ ပျက်ကွက် ကျောင်းသား(၃၇)ဦး၊ ကျောင်းသူ(၉၀)ဦး စုစုပေါင်း(၁၂၇)ဦး ရာခိုင်နှုန်းအားဖြင့် (၃၂.၄၈)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်း စာမေးပွဲ အေးချမ်းစွာဖြေဆိုနေမှုကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များက ကြည့်ရှုပေးအားပေးခဲ့ကြကြောင်း သိရသည်။ 

ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များက အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)