မိုင်းဆတ်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မိုင်းဆတ် မတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က အမှာစကားပြောကြားကာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၃)မိုင်းဆတ်မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး လှဘုန်းက လူကုန်ကူးမှုနှင့်ပတ်သက်သည့် လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးသူပွဲစားများ စည်းရုံးလေ့ရှိသည့် အလေ့အထများ၊ လူကုန်ကူးခံရသူများအား စုံစမ်းရှာဖွေကယ်ဆယ်နိုင်မှုမှတ်တမ်းများ၊ မိမိနေထိုင်ရာဒေသမှ အခြားဒေသသို့ သွားရောက်၍ အလုပ်လုပ်ကိုင်ရာမှ လူကုန်ကူးခံရမှုဖြစ်စဉ်များကို အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၃)မိုင်းဆတ်မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး လှဘုန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ယာဉ်လိုင်းဂိတ်များမှ ဂိတ်မှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)