မန္တလေးတူးမြောင်းမကြီး RD 175/400 (အိုင်ကြီး CDC) ပြန်လည်ပြင်ဆင်ထားမှုအား ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ကြည့်ရှုစစ်ဆေး

ပုသိမ်ကြီး မတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အိုင်ကြီးကျေးရွာအနီးရှိ အောင်ပင်လယ် (တောင်) ရေနုတ်မြောင်း ကျိုးပေါက်မှု ဖြစ်ပွားခဲ့၍ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါလျက်ကြည့်ရှုစစ်ဆေးကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးအား မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်က ဆည်တော်ကြီးရေလှောင်တမံမှ မန္တလေးတူးမြောင်းမကြီးသို့ ဆည်ရေပေးဝေမှု မြေပုံအား ရှင်းလင်းတင်ပြသည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းသန့်က မန္တလေးတူးမြောင်းမကြီး RD 175/400 (အိုင်ကြီး CDC) မြောင်းပေါင်ကျိုးပေါက်မှု အခိုင်အမာ ပြုပြင်နေမှုအခြေအနေများ၊ မြောင်းပေါင်ကျိုးပေါက်မှုနေရာတွင် အရေးပေါ် ရေထွက်ပေါက် တည်ဆောက်ခြင်း ဒီဇိုင်းပုံများဖြင့် တည်ဆောက်ထားမှု အခြေအနေများ၊ ဆည်တော်ကြီး ရေလှောင်တမံ၏ ၂၀၂၃-၂၀၂၄ ခုနှစ် မြောင်းအလိုက် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရန် လျာထားမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးမှ ဆည်တော်ကြီးဆည်ရေအား မန္တလေး၊ မတ္တရာ၊ ပုသိမ်ကြီး၊ အမရပူရ မြို့နယ်တို့ရှိ စိုက်ပျိုးတောင်သူများ၏ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးမည့် ဧက (၇၂၀၀၀) ခန့်၏ ရေပေးဝေမှု အခြေအနေများနှင့် မြောင်းပေါင် ပြန်လည်ပြုပြင်ထားမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကြည့်ရှုစစ်ဆေးရာသို့ ပြည်ထောင်စု ဒုတိယဝန်ကြီးနှင့်အတူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းထိုက်၊ တိုင်းဒေသကြီး ဆည်မြောင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)