မိုင်းဆတ် နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲနှင့် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်တို့က ယမန်နေ့ညနေ(၄)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမောင်ချိုက မဲဆန္ဒရှင်များ မှန်ကန်စွာနှင့် အဆင်ပြေဘေးကင်းလုံခြုံစွာမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မဲရုံများသို့ မဲလက်မှတ်အချိန်မီ ထုတ်ပေးနိုင်ရေးကိုလည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျက မဲဆန္ဒရှင်များ မဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရေးနှင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေသော အတွင်းလူနာများ ဆန္ဒမဲပေးနိုင်ရေးတို့ကို လည်းကောင်းဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ခရိုင်ရွေးကောက်ပွဲဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းတူးနှင့် အဖွဲ့ဝင်များက မဲရုံများသို့ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ အချိန်မီထောက်ပံ့ပေးနိုင်ရေး၊ မဲရုံမီးဘေးလုံခြုံရေး၊ မဲလက်မှတ် သယ်ယူပို့ဆောင်ရေး၊ ယာယီမဲရုံများအချိန်မီ ဆောက်လုပ်ပြီးစီးရေးတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)