ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာစီစာကုံးရေးသားနည်း သင်ကြားပေး

ကျောက်ဆည် မတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အရေးစွမ်းရည်မြင့်မားပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့မွန်းလွဲ (၁)နာရီက အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသားလူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ အားလပ်ချိန်များတွင် အချိန်ကိုကောင်းစွာအသုံးချတတ်စေရန်နှင့် ရေးသားမှုစွမ်းရည်မြင့်မားရေး ကောင်းမွန်ပြည့်စုံသည့် စာစီစာကုံးတစ်ပုဒ်ရရှိရန် စာများများဖတ်ပြီး လေ့ကျင့်မှုများပြုလုပ်ထားရန်လိုကြောင်းနှင့် နိဒါန်း၊ စာကိုယ်၊ နိဂုံး စသည့် အင်္ဂါရပ်များနှင့်အညီ အချက်အလက်ရေးသားတင်ပြပုံလှပရန်လိုကြောင်း နိဂုံးသည် ခေါင်းစဉ်နှင့်လျော်ညီသည့် နိဂုံးဖြစ်ရန်လိုကြောင်း ရှင်းလင်းသင်ကြားပေးခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်သန်းနှင့် အဖွဲ့ဝင်စာရေးဆရာမ သီတဂူ(ကျောက်ဆည်)က စာစီစာကုံးရေးသားရာတွင် သရုပ်ဖော်ရေးသားခြင်းခြင်း၊ အကြောင်းအကျိုးဖော်ပြရေးသားခြင်း၊ အတွေးအခေါ်ဖြင့် ရေးသားဖော်ပြခြင်းစသည့် စာစီစာကုံးရေးသားနည်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အခြေခံစာစီစာကုံးရေးသားနည်းသင်တန်းသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်(၁၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ (၅)ရက်အကြာ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့်  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံစာစီစာကုံးရေးသားနည်းများအပြင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းများလည်း  သင်ကြားပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)