(၇၆)နှစ်မြောက် ရွှေစာရံဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ပုသိမ်ကြီး မတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာရှိ ရွှေစာရံဘုရားကြီးတွင် ယခုနှစ် (၇၆) ကြိမ်မြောက် အထိမ်းအမှတ် သစ္စာအဓိဋ္ဌာန် ရွှေစာရံဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့်စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ရွှေစာရံစေတီတော်၏ အလင်္ကာအရ အရှေ့ရွှေစာရံ၊ ပုဂံ အနောက်၊ တောင်မြောက်ရင်မျှော် သီဟတောဆိုပြီး မော်ကွန်းတင်ကာ၊ ကျော်လေးဆူ စာရင်းဝင်ထားတဲ့ စေတီတော်ကြီးပင်ဖြစ်ပြီး၊ မြွေကိုက်ခံရသူ ဘုရားရောက်ရင် မြွေဆိပ်ပြေခြင်း၊ ဆွမ်းဦးတင်မည့်သူ အမြဲရှိခြင်း၊ ဆုတောင်းပြည့်ခြင်းစသည့် အံ့ဩဖွယ်ရာများဖြင့် ပြည့်စုံသောကြောင့် ထင်ရှားကျော်ကြား လှသောကြောင့် အနယ်နယ် အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင် ဘုရားဖူးပြည်သူများ လာရောက်၍ အထူးစည်ကားလှသည့် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးပင်ဖြစ်သည်။

ဘုရားဖူးလာရောက်သူများ အနေဖြင့် လည်ပတ်စရာ ဈေးတန်းများအပြင်၊ ဒုဋ္ဌဝတီမြစ်တွင် ရေကစားခြင်း၊ အပျော်စီးစက်လှေ စီးခြင်းတို့ကို ပြုလုပ်နိုင်ပြီး၊ ဈေးတန်းတွင်လည်း ဗမာမုန့် အမျိုးမျိုး၊ ရှမ်းပြည်နယ် ဒေသထွက်ကုန်များဖြစ်သည့် ဆေးဖက်ဝင်ပစ္စည်းများနှင့် ဒေသအစား အစာများပါ နှစ်စဥ်ရောင်းချလျက်ရှိသည်။ ရွှေစာရံလို့ ပြောလိုက်ယုံဖြင့် မပါမဖြစ် ထန်းရွက်ပုတီး၊ ထန်းလက်ငါး၊ ဝါးဓား၊ ဝါးလက် ခုတ်၊ ခမောက်၊ အလှလွယ်ပလိုင်း စသည့်လက်မှုပစ္စည်းများအပြင် အမှတ်တရ ပစ္စည်းများကို ရောင်းချလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်