မြောက်ဥက္ကလာပ နိုဝင်ဘာ ၄
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မြန်ဆန်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ပြည်သူများ နေအိမ်ပြင်ပမှ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်းရှိ/မရှိနှင့် တပ်ဆင်သော်လည်း စနစ်တကျ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် လူအများ သွားလာသည့် နေရာများတွင် Mask မတပ်ဆင်သူများကို ဒဏ်ငွေပေးဆောင်စေခြင်းနှင့် Mask Campaign များ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်၊၊
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယုကြည်ကြည် ဦးဆောင်သော အဖွဲ့မှ (၁) ရပ်ကွက် သုမိတ္တာလမ်းမစျေး၊ တံတာလေးဘူတာအနီးနှင့် ဒုတိယဦးစီးမှူး ဦးချစ်ဦးဇော် ဦးဆောင်သောအဖွဲ့မှ မြောက်ဥက္ကလာပအဝိုင်းတို့တွင် Mask မတပ်ဆင်သူများကို ဒဏ်ငွေ (၂၀၀)ကျပ် ပေးဆောင်စေပြီး Mask နှာခေါင်းစည်း (၁) ခု ပြန်လည်ပေးအပ်ခြင်း၊ Mask ကို မေးအောက် တွင် ချိတ်မထားရန်၊ Face Shield တစ်ခုတည်း မတပ်ဆင်ရန် အသိပေးပြောကြားခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များအတိုင်း နေထိုင်သွားလာကြရန် ပညာပေးပြောကြားခြင်းနှင့် Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)