တာမွေ မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ၂၀၂၄ ခုနှစ် မတ်လ(၁၁)ရက်နေ့မှ မတ်လ(၁၉)ရက်နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စတင်ကျင်းပခဲ့ပြီး ကျောင်းသား/သူ (၉၄) ရာခိုင်နှုန်းကျော် အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
အဆိုပါ တာမွေမြို့နယ်ရှိ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေမှု အခြေအနေများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား ဖြေဆိုရန် စာရင်းရှိ ကျောင်းသား(၁၃၆)ဦး၊ ကျောင်းသူ(၁၃၂)ဦး စုစုပေါင်း (၂၆၈)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၁၂၇)ဦး၊ ကျေင်းသူ(၁၂၇)ဦး စုစုပေါင်း (၂၅၄) ဦး အထိရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၄.၇၈)ရာခိုင်နှုန်းအထိရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)