ဒလမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ဒလ မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က စတင်၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်။

ဒလမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန တစ်ခုဖွင့်လှစ်ပြီး စာမေးပွဲဖြေဆိုမည့်သူစာရင်းရှိ ကျောင်းသား (၂၁၀) ဦး၊ ကျောင်းသူ (၂၂၀) ဦး စုစုပေါင်း (၄၃၀) ဦးအနက် (၄၁၇) ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်သူ (၁၃) ဦးရှိကြောင်းနှင့် ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၉၆ဒဿမ ၉၇) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သတင်းရရှိသည်။

မြင့်ဇော် (ပြန်/ဆက်)