ကျောက်တန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ကျောက်တန်း မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုရာ ကျောင်းသား/ ကျောင်းသူ (၄၆၅) ဦး ဝင်ရောက်ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောက်တန်းမြို့နယ်တွင် စာစစ်ဌာန (၂) ခု ဖွင့်လှစ်ထားပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ကျောက်တန်းမြို့) နှင့်၊ တံတားမြို့ အခြေခံပညာအထက်တန်းကျောင်း (တံတားမြို့) တို့တွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား/ ကျောင်းသူပေါင်း (၄၈၂) ဦးဖြစ်ပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၄၆၅) ဦးရှိရာ ဖြေဆိုသူရာခိုင်နှုန်း (၉၆.၄၇) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်အတွင်း ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်ဆက်)