မြောက်ဥက္ကလာပ နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကြောင့် အလုပ်အကိုင်ရှားပါး၍ စားဝတ်နေရေးအဆင်မပြေသည့် အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်များ လှူဒါန်းနိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန် အလှူရှင်များမှ ယမန်နေ့ နံနက်ပိုင်းက We Love North Okkalapa ပရဟိတအဖွဲ့အား အလှူငွေများ လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် ကွယ်လွန်သူ ဦးမောင်မောင်စိန်အား ရည်စူး၍ ကျန်ရစ်သူမိသားစုက အလှူငွေ ကျပ် (၁၅၀'၀၀၀)၊ ကွယ်လွန်သူ ဖခင်ဦးထွန်းဖေ၊ မိခင်ဒေါ်သန်းတင်အား ရည်စူး၍ ကျန်ရစ်သူ မိသားစုက အလှူငွေကျပ်(၁)သိန်း၊ စေတနာရှင်တစ်ဦးမှ အလှူငွေကျပ် (၃)သိန်းကို လှူဒါန်းရာ We Love North Okkalapa ပရဟိတအဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အခြေခံစားသောက်ကုန်များကို "ပြည်သူများထံမှ ပြည်သူ့ထံသို့ မျှဝေရေး" အစီအစဉ် ဖြင့် မြို့နယ်အတွင်း အမှန်တကယ် စားဝတ်နေရေးခက်ခဲနေသည့် (ခ)ရပ်ကွက် ဘဲကန်နှင့် (ဌ)ရပ်ကွက် စကားဝါလမ်း၊ စံပယ် (၉)လမ်းရှိ နေအိမ်များသို့ ယမန်နေ့ ညနေပိုင်းက We Love North Okkalapa ပရဟိတအဖွဲ့က အိမ်တိုင်ရာရောက် သွားရောက်၍ လှူဒါန်းပေးခဲ့ကြောင်း သိရ သည်။
အဆိုပါအဖွဲ့အနေဖြင့် မြိုနယ်အတွင်း ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ်စောင့် ကြည့်နေရာ များသို့ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ်သူများ၊ သံသယရှိသူများကို ပို့ဆောင်ပေးခြင်း၊ ရောဂါ မရှိသူများကို နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များတွင် သက်ဆိုင်ရာဌာနများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခြင်းနှင့် "ပြည်သူ များထံမှ ပြည်သူ့ထံသို့ မျှဝေရေး" အစီအစဉ် ဆောင်ရွက်နေခြင်းကြောင့် အလှူရှင်များအနေဖြင့် ပူးပေါင်းပါဝင် လှူဒါန်းလိုပါက ဖုန်း-၀၉/၉၇၅၈၉၇၈၅၀ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရ သည်။
မြမြဝင်း (ပြန်/ဆက်)