မိုင်းယောင်း နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအချို့၌ မဲရုံဆောက်လုပ်ပြင်ဆင်နေမှုများကို တာဝန်ရှိသူများက ယနေ့ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ကျေးရွာအုပ်စုအတွင်း မဲရုံဆောက်လုပ်နေမှု အခြေအနေများ၊ အလင်းကောင်းကောင်း ရရှိနိုင်မည့်နေရာများ ရွေးချယ်ဆောက်လုပ်ခြင်း၊ မဲရုံအတွင်း သတ်မှတ်ချက်များအတိုင်း ပြင်ဆင်ထားရမည့်အချက်များ၊ ဆန္ဒမဲပေးသူများ စနစ်တကျဖြစ်စေရေး ဝင်ပေါက်/ထွက်ပေါက် ပြင်ဆင်ခြင်းတို့ကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
အလားတူ တာဝန်ရှိသူများသည် အသက်(၆၀)နှစ်နှင့်အထက် ဘိုးဘွားများ ကြိုတင်ဆန္ဒမဲပေးနေမှုများကိုလည်း မဲရုံပြင်ပ၌နေ၍ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
မိုင်းယောင်းမြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ သတ်မှတ်ထားခြင်း ဖြစ်သည်။
မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၆၈ ရုံဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)