ရန်ကင်း မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုရာ ကျောင်းသား/ကျောင်းသူ (၁၃၈)ဦး ဝင်ရောက်ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရန်ကင်းမြို့နယ်တွင် စာစစ်ဌာန(၁)ခု ဖွင့်လှစ်ထားပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား/ကျောင်းသူ ပေါင်း(၁၄၆)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၃၈)ဦး ဖြေဆိုသူရာခိုင်နှုန်း (၉၅) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်အတွင်း ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
လှလှထွေး(ပြန်/ဆက်)