နောင်ချို မတ် ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် ၂၀၂၄တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတစ်ခုတည်းဖြင့် ကျင်းပခြင်းဖြစ်ပြီး မြန်မာစာဘာသာရပ်ကို ဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသားကျောင်းသူ (၅၁၈) ဦး၊ ဖြေဆိုသည့်ကျောင်းသား၊ ကျောင်းသူ (၄၉၄) ဦး ဖြေဆိုခဲ့ကြကာ ပျက်ကွက်ကျောင်းသား၊ ကျောင်းသူ (၂၄) ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၃၇) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နောင်ချိုမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုကြသော ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွေးငယ် (နောင်ချို၊ ပြန်/ဆက်)