ပုဗ္ဗသီရိ နိုဝင်ဘာ ၄
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေကို ယနေ့နံနက်ပိုင်းမှစ၍ တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပုဗ္ဗသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစန်းလွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဒေါ်ရီဝါဝင်းသိန်းနှင့် တာဝန်ရှိသူတို့က မဲရုံပြင်ဆင်ထားရှိမှုများ၊ မဲရုံအခင်းအကျင်းနှင့် မဲရုံလုံခြုံရေးဆောင်ရွက်ထားရှိမှုများအား ကြည့်ရူစစ်ဆေးပြီး မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များအား ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး နိုင်ငံတော်မှထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းမှာကြားခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်တွင် ရပ်ကွက်(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၈)အုပ်စုမှ အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်စုစုပေါင်း (၉၇၇၈၇)ဦးရှိပြီး မဲရုံပေါင်း(၇၉)ရုံ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ကံချွန်(ပြန်/ဆက်)