တံတားဦး မတ် ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်အဆင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် မီးသွေးတိုက်ကျေးရွာသို့ မြစ်ရေတင်ရေသောက်ဧရိယာအတွင်း အင်ဂျင်ပါဝါသုံး (၆)တန်းသွားလက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစမ်းသပ်စိုက်ပျိုးခြင်းကို တာဝန်ရှိသူများနှင့် အတူတက်ရောက် ကြည့်ရှုအားပေးကြကြောင်း သိရသည်။
မြစ်ရေတင် ရေသောက်ဧရိယာအတွင်း အင်ဂျင်ပါဝါသုံး(၆)တန်းသွား လက်စွဲကောက်စိုက်စက်ဖြင့် တံတားဦးမြို့နယ် မီးသွေးတိုက်ကျေးရွာ ကွင်းအမှတ်(၁၃၁၈)၊ ဦးပိုင်အမှတ်(၁၃၆)ရှိ တောင်သူ ဦးခင်မောင်ရင် (၁.၆၀)ဧကစိုက်ပျိုးမည့် အင်ဂျင်ပါဝါသုံး(၆)တန်းသွား လက်စွဲကောက်စိုက်စက်ဖြင့် စမ်းသပ်စိုက်ပျိုးမှုကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်အဆင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း လမ်းညွှန်ပြောကြားပြီး မန္တလေးစက်မှုဇုန်(စိန်ပန်း)မှ ထုပ်လုပ်သည့်အင်ဂျင်ပါဝါသုံး(၆)တန်းသွား လက်စွဲကောက်စိုက်စက်များကို ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
အဆိုပါစက်နှင့်စိုက်ပျိုးခြင်းဖြင့် လုပ်ယာလုပ်သားရှားပါးခြင်းနှင့်အတူ ကောက်စိုက်စရိတ်ကြီးမြှင့်သည့် အခက်အခဲများ ကျော်လွန်၍ အချိန်တိုအတွင်းသက်သာသော ကုန်ကျစရိတ်ဖြင့် လုပ်ငန်းများ ပြီးစီးနိုင်ခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းကွာခြားမှုရှိပါကြောင်း ဒါ့အပြင် စိုက်ခင်းလယ်မျက်နှာ ပြင်ညီညာရန် လိုအပ်ပြီး ပျိုးထောင်ရန်အတွက် နေရာအနည်းငယ်လိုအပ်ပါကြောင်း စပါးအထွက်တိုး ရန်အတွက် မျိုးစေ့အနည်းငယ် ကုန်ကျပါကြောင်း ပျိုးသက်နုနုဖြင့် စိုက်ပျိုးနိုင်ပြီးကောက်ပင်လှန် မြန်ခြင်းနှင့် ပင်ပွားပျားများရရှိပါကြောင်းနှင့် အချိန်တိုအတွင်း ဧကများစွာ စိုက်ပျိုးနိုင်ကြောင်းပေါင်း၊ မြက်နှိမ်နင်းမှု လွယ်ကူကြောင်း တံတားဦးမြို့နယ် စက်မှုလယ်ယာဦးစီူဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင့်ဇော်၏ ပြောကြားချက်အရ သိရသည်။
ရဲတင့်(ပြန်/ဆက်)