ဗန်းမော်မြို့နယ်၌ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေကွင်းဆင်းစစ်ဆေး

ဗန်းမော်    နိုဝင်ဘာ     ၄

ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ဗန်းမော်မြို့နယ်အတွင်း ရပ်ကွက်၊ကျေးရွာ အုပ်စု ၅၈ အုပ်စုရှိ မဲရုံ ၆၉ ရုံအား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ အဖွဲ့ ၃ ဖွဲ့ခွဲ၍ ယနေ့ နံနက် ၉ နာရီချိန်တွင် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ မဲရုံများပြင်ဆင်ထားမှုအခြေနေများ စစ်ဆေးရာတွင် မဲရုံပရဝုဏ်အကျယ်အဝန်း သတ်မှတ်ထားမှု၊ မဲရုံဆိုင်းဘုတ်ချိတ်ဆွဲထားမှု၊ မဲရုံဝင်ပေါက် ၊ထွက်ပေါက်ဆိုင်းဘုတ်များ ကပ်ထားမှု၊ မဲရုံတွင် အသုံးပြုရမည့် ပုံစံများ၊ မဲရုံသုံးပစ္စည်းများ ရရှိမှုအခြေနေများ၊ ဆန္ဒပြု တံဆိပ်တုံးများ ကောင်းမွန်ခြင်းရှိ၊မရှိ၊ မဲရုံကိုယ်စားလှယ်နှင့်အကူ ကိုယ်စားလှယ်များအတွက် နေရာထိုင်းခင်း ပြင်ဆင်ထားမှုအခြေအနေ၊ လွှတ်တော်တစ်ရပ်ချင်းအလိုက် ဆန္ဒမဲပေးရန် ပြင်ဆင်ထားရှိမှု အခြေအနေများနှင့် ရာသီဥတုအခြေအနေအရ ဆန္ဒမဲပေးရန် လာရောက်မည့် ပြည်သူများ နားနေရန် နေရာများ စီစဉ်ထားမှုအခြေအနေများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ မဲရုံများပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေများကို စစ်ဆေးခဲ့သည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသာဗျော ဦးဆောင်သည့် အဖွဲ့၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးကျော်စိုးအောင် (မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး) ဦးဆောင်သောအဖွဲ့နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးဘောက်နော် (မြို့နယ်လ.ဝ.ကဦးစီးမှူး) ဦးဆောင်သော အဖွဲ့များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)