မိုးညှင်း မတ် ၁၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ အစိုးရစက်မှု/လက်မှု သိပ္ပံ(မိုးညှင်း)ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ ဆဋ္ဌမအကြိမ်မြောက် (A.G.T.I) ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ (A.G.T.I) ဒီပလိုမာအပ်နှင်းပွဲတွင် အစိုးရစက်မှု/လက်မှု သိပ္ပံ(မိုးညှင်း)မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့်က ကျောင်းဆင်းမိန့်ခွန်းအနေဖြင့် ကျောင်းသား /ကျောင်းသူများအား နည်းပညာနှင့် သက်မွေးပညာကျွမ်းကျင်သည့် ခေတ်ပညာတတ်များ ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးလျက်ရှိကြောင်းနှင့် ကျောင်းမှ သင်ကြားပေးလိုက်သည့် ဘာသာရပ်များမှ စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးမှုများကို အခြေခံ၍ မိမိကျင်လည်ကြမည့် လုပ်ငန်းခွင် အသီးသီးတွင် အောင်မြင်မှုများ ဆွတ်ခူးနိုင်အောင် ကြိုးစားသွားကြစေလိုပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဒီပလိုမာလက်မှတ်များပေးအပ်ရာ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မြို့ပြအင်ဂျင်နီယာမှ ကျောင်းသားကျောင်သူ (၉)ဦး၊ လျှပ်စစ်ဆက်သွယ်ရေးမှ ကျောင်းသား ကျောင်းသူ (၁၀)ဦး၊ လျှပ်စစ်စွမ်းအားမှ ကျောင်းသား/ကျောင်းသူ (၆)ဦး၊ စက်မှုအင်ဂျင်နီယာမှ ကျောင်းသား/ကျောင်းသူ (၁၁)ဦးနှင့် သုတနည်းပညာမှ ကျောင်းသား/ကျောင်းသူ(၈)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၄၄)ဦးကို ကျောင်းအုပ်ကြီးက(A.G.T.I) ဒီပလိုမာလက်မှတ်များ အပ်နှင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး)များ၊ အစိုးရစက်မှု/လက်မှု သိပ္ပံ (မိုးညှင်း)ကျောင်းမှ ဌာနမှူးများနှင့် ဆရာ/ဆရာမများ၊ ဒီပလိုမာလက်မှတ်ရ ကျောင်းသား /ကျောင်းသူများနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း (ပြန်/ဆက်)