ကွန်ဟိန်းမြို့နယ်အတွင်းရှိ မဲရုံများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးပစ္စည်းများ ဖြန့်ဝေ

ကွန်ဟိန်း နိုဝင်ဘာ  ၄

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ် အတွင်းရှိ မဲရုံ(၄၄)ရုံအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အမျိုးသားဗဟိုကော်မတီမှ ပေးပို့လှူဒါန်းသော ကိုဗစ်၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ဖြန့်ဝေခြင်းအား ယနေ့ နံနက်ပိုင်းတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးပစ္စည်းများ ဖြစ်သည့် KN95(၃၈၅၁၈)ခု၊ Face Shield(ကိုင်း)(၂၂၀)ခု၊ Face Shield (ကော်ပြား)(၂၂၀)ခု၊ Surgical Gown (၁၁၀၀)ထည်၊ Medical Cap(၆၆၀)ခု၊ PPE Level 3 LSize(ဝတ်စုံ)(၁၃၂)ထည်၊ Surgical Glovers(၂၆၄)ခု၊ Protective Face Mask(၂၆၄)ခု၊ Goggles (၂၆၄)ခု၊ Boot(၈၈)ခု တို့ကို မြို့နယ် အတွင်းရှိ ရပ်ကွက် / ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများထံသို့ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ ဦးစီးမှူး ဦးဌေးနိုင်နှင့် တာဝန်ရှိသူများမှ တာဝန်ယူခွဲဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါပစ္စည်းများကို ကွန်ဟိန်းမြို့နယ်အတွင်းရှိ (ကာလိမြို့အပါအဝင်)ရပ်ကွက်(၁၁)ခု၊ ကျေးရွာအုပ်စု (၁၄)ခုရှိမဲရုံပေါင်း(၄၄)ရုံ အတွက် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နန်းပြည့်စန္ဒီမြင့်(ပြန်/ဆက်)