မြင်းခြံ နိုဝင်ဘာ ၄
မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနက အားကစားစာအုပ်များနှင့် အားကစားပစ္စည်းများ လာရောက် လှူဒါန်းခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အများပြည်သူများ အတွက် Book Club၊ Youth Club၊ Women Club များ ဖွဲ့စည်းထားရှိပြီး မြင်းခြံခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမူက မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး စာကြည့်တိုက်အတွက် အားကစားစာအုပ် ၁၀ အုပ်ကို ပေးအပ်လှူဒါန်းရာ ခရိုင်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်နန်းမြင့်က လက်ခံရယူခဲ့ပြီး Youth Club အတွက် ပိုက်ကျော်ခြင်း လုံး ၂ လုံး၊ ပိုက်ကျော်ခြင်းပိုက် ၁ ခု၊ ဘောလုံး ၄ လုံးတို့ကို ပေးအပ်ရာ Youth Club နာယက ဦးမြင့်ဟန်က လက်ခံရယူခဲ့ကြသည်။
မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများအတွက် သိရှိသင့်သော သတင်းများ၊ ပုံပြင်ဖတ်ပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ဖတ်သင့်သည့် စာအုပ်များ မိတ်ဆက်ခြင်းနှင့် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)