မိုင်းကိုင်မြို့နယ်၌ Summer School ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းကိုင် မတ် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌  Summer School ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ  မြို့လယ်ဓမ္မာရုံ၌  ကျင်းပပြုလုပ်ရာ  ဆရာတော်သံဃာတော်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပရဟိတလုပ်ငန်းတွင် စိတ်ဝင်စားသူများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်သံဃာ့နာယကအဖွဲ့၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မုတိသံဃာတော်၊ မွေတော်တောင်ကျောင်း၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဆန္ဒာဓိကက ဩဝါဒစကား မြွတ်ကြားပြီးနောက် အစည်းအဝေးတက်ရောက်လာသူများက ၂၀၂၃-၂၀၂၄ စာသင်နှစ်၊ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲ၌ မိုင်းကိုင်မြို့နယ်မှ မူလအဆင့်(တတိယနှစ်) ထူးချွန်စွာအောင်မြင်ခဲ့သော ရှင်သာမဏေ ၆၀ ပါးတို့ကို ရှမ်းပြည်နယ်အတွင်း နွေရာသီကာလ၌ ဖွင့်လှစ်မည့် Summer School များတွင် ပညာသင်လေ့လာရေးခရီး သွားရောက်နိုင်ရေးနှင့် အခြားမြို့နယ်များမှ စာမေးပွဲထူးချွန်စွာ အောင်မြင်၍ လေ့လာရေးခရီးပြန်လည်လာရောက်ကြမည့် ရှင်သာမဏေများအတွက် Summer School ဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ သင်တန်းနည်းပြများနှင့် သင်ကြားပို့ချမည့်ဘာသာရပ်များ၊ ရှင်သာမဏေများအတွက် ဆွမ်းကွမ်းဝေယျာဝစ္စများ၊ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများကို အသေးစိတ် ညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ်ချက်များ အသီးသီးချမှတ်ကာ စေတနာရှင်အလှူရှင်များက summer School ဖွင့်လှစ်နိုင်ရေး မတည်အလှူငွေများ အသီးသီး ထည့်ဝင်လှူဒါန်းခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ နွေရာသီကာလတွင် ရှမ်းပြည်နယ်အတွင်း အမြို့မြို့အနယ်နယ်၌ ၄၅ ရက်တာ ဖွင့်လှစ်မည့် Summer School ကျောင်းပေါင်း ၃၅ ကျောင်းရှိသည့်အနက် မိုင်းကိုင်မြို့နယ်တွင်လည်း မတ်လ ၁၇ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ Summer School ကို ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ရပ်ဝေးမှ ရှင်သာမဏေပေါင်း ၃၅ ပါးတို့က ကြွရောက်လေ့လာ သင်ယူကြမည်ဖြစ်ကြောင်း သိရသည်။     

ချော(မိုင်းကိုင်)