အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၁)သိန်းလှူဒါန်း

ရန်ကုန် နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ ကြက်ခြေနီအသင်းခွဲအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြု နိုင်စေရန် ရည်ရွယ်၍ ငွေကျပ်(၁)သိန်းကို ယမန်နေ့ ညနေပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲသည် ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား စဉ်ဆက် မပြတ် ခေါ်ယူပို့ဆောင်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းပါဝင် ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန်အတွက် ဖော့ကန်ရပ်ကွက်၊ ဝါဦး(၅)လမ်းနေ ဦးဇော်ထူးနှင့်ဇနီး ဒေါ်အမာကြည်တို့မှ ငွေကျပ် (၁)သိန်းကို လှူဒါန်းရာ ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးစည်သူဇော်က လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ကြက်ခြေနီအသင်းခွဲအနေဖြင့် လူမှုကူညီရေးလုပ်ငန်းများနှင့်အတူ အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန့်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ Quarantine Center (၆)ခု၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပါဝင်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)