ကျောက်ဖြူ မတ် ၁၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၁၂)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့) မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၂၅၄)ဦးတို့မှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ယင်းသို့ဖြေဆိုနေမှုအား ကျောက်ဖြူတပ်နယ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး တာဝန်ကျ ဆရာ၊ဆရာမများကို လမ်းညွှန် မှာကြားသည်။
ကျောက်ဖြူခရိုင်၌ စာစစ်ဌာန(၁၂)ခုရှိသည့်အနက် မြန်မာစာဘာသာရပ်ကို ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာန(၈)ခုတွင်ဖြေဆိုကြမည့် စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၁၅၂၅)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား (၄၄၂) ဦး၊ ကျောင်းသူ (၇၀၆) ဦး စုစုပေါင်း(၁၁၄၈) ဦးရှိကာ ပျက်ကွက်ကျောင်းသား (၁၉၄) ဦး၊ ကျောင်းသူ (၁၈၃) ဦး စုစုပေါင်း(၃၃၇) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၇၅.၂၅) ရာခိုင်နှုန်း၊ ရမ်းဗြဲမြို့နယ်ရှိ စာစစ်ဌာန(၄)ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၆၂၂)ဦးရှိပြီး ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၁၀၆) ဦးရှိကာ ပျက်ကွက်(၅၁၆)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း(၁၇.၀၄)ရာခိုင်နှုန်းရှိပြီး စုစုပေါင်းခရိုင်အတွင်း ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၂၅၄)ဦး ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဝင်ရောက်ဖြေဆိုနိုင်ရေး ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ အမှတ်(၂၁) ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)