မူဆယ် နိုဝင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသ၌ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခွင့်ရရှိသူများ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ(၂၉)ရက်နေ့မှ စတင်၍ ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
မူဆယ်မြို့၌ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်ပတ်သက်၍ မူဆယ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရိန်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့၊ မွန်းလွဲ(၂)နာရီအချိန်ခန့်တွင် မူဆယ်မြို့ပေါ်ရှိ ရပ်ကွက်မဲရုံများ၌ သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတို့နှင့်တွေ့ဆုံ၍ ကြိုတင်ဆန္ဒမဲပေးမှု အခြေအနေများ၊ ကြိုတင်မဲပေးရာ၌ မဲဆန္ဒရှင်များ ဘေးကင်းလုံခြုံစိတ်ချစွာ မဲပေးနိုင်ရန်နှင့် မဲရုံများအား ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ဖွင့်လှစ်စီစဉ်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်းတို့ကို လိုက်လံကြည့်ရှုမေးမြန်းခဲ့ပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးမြောက်နိုင်ရန်အတွက် အခြားလိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)