ဒုတိယဝန်ကြီး ဦးရဲတင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ (၇၈) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်အားပေး

ရန်ကုန် မတ် ၁၁

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ (၇၈) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို မတ်လ (၈) ရက်နေ့ နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြဝတီစင်တာမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဦးအောင်လွင်က နှုတ်ခွန်းဆက် မုဒိတာစကား ပြောကြားသည်။ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က (၇၈)နှစ်မြောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ခွင့်ရ၍ ကြည်နူးဝမ်းမြောက်မိပါကြောင်း၊ ၁၉၄၆ ခုနှစ် မတ် (၈) ရက်သည် ရုပ်ရှင်နှင့်ပြဇာတ် စတင်ပေါ်ပေါက်ခဲ့သောနေ့ရက်ကို ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ မွေးနေ့အဖြစ် ယနေ့တွင် စတင်ကျင်းပခြင်းသည် ကောင်းမွန်သော အစဉ်အလာကောင်းတစ်ခု ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသည် ငွေရတုကာလဖြစ်သော ၁၉၄၆ ခုနှစ်မှ ၁၉၆၉ ကာလအထိ၊ ရွှေရတုကာလဖြစ်သော ၁၉၆၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ၊ စိန်ရတု ကာလဖြစ်သော ၁၉၉၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိနှင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ ရုပ်ရှင်ရာပြည့် အခမ်းအနားတို့ကို ကျင်းပနိုင်ခဲ့ခြင်းသည် မြန်မာ့ရုပ်ရှင်လောကသားများ၏ စည်းလုံးညီညွတ်မှု စွမ်းအားနှင့် ရုပ်ရှင်ဖြင့် တိုင်းပြည်နှင့်လူမျိုးကို အလုပ်အကျွေးပြုခဲ့မှု၏ မှတ်တမ်းပုံရိပ်များကို ဂုဏ်ယူစွာ တွေ့မြင်ရပါကြောင်း။
မြန်မာ့ရုပ်ရှင် ဖြတ်သန်းခဲ့မှုသည် (၇၈) နှစ်သို့တိုင် ရောက်ရှိခဲ့ပြီဖြစ်ပြီး ရုပ်ရှင်သည် ပြည်သူ့အတွက်ဟူသော ဆောင်ပုဒ်နှင့်အညီ ရုပ်ရှင်လောကသားများအချင်းချင်း စည်းလုံးချစ်ကြည်မှုနှင့် နိုင်ငံတော်ကို အကျိုးပြုခဲ့သည့် အစဉ်အလာကောင်းတို့သည် လေးစားဂုဏ်ယူ ဖွယ်ဖြစ်ပါကြောင်း၊ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးတွင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မိုခါမုန်တိုင်း ထောက်ပံ့ကူညီမှုတွင်လည်း အနုပညာရှင်များ၏ တစ်တပ်တစ်အား ပူးပေါင်းဆောင် ရွက်ခဲ့မှုသည် နိုင်ငံအကျိုးနှင့် ပြည်သူ့အကျိုးအဖြစ် ဂုဏ်ယူဖွယ်တွေ့မြင်ရပါကြောင်း၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နှင့် မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ရုပ်ရှင်အစည်းအရုံးနှင့် ရုပ်ရှင်လောကသားများကို ယုံကြည်အားကိုး ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း။
နိုင်ငံတော်အကြီးအကဲက ရုပ်ရှင်လောကသားများ ပြန်လည်ရှင်သန်နိုင်ရန် လမ်းညွှန်မှုနှင့်အညီ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်ချိန်က မြန်မာ့ရုပ်ရှင်၏ စည်းလုံးညီညွတ်ခဲ့မှုကို ထိန်းသိမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက မြန်မာ့ရုပ်ရှင်အစည်းအရုံး ဖြစ်ပေါ်လာပုံနှင့် မြန်မာ့ရုပ်ရှင်အစည်းအရုံး အဆောက်အဦများ ပေါ်ထွန်းရန် ကြိုးပမ်းခဲ့ကြသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် ပုဂ္ဂိုလ်များ၊ အစည်းအရုံးဝင်များနှင့် အနုပညာရှင်များအား မှတ်တမ်းတင် ဂုဏ်ပြုစကားများ ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ကြီးမှူးကျင်းပသည့် ရုပ်ရှင်ဇာတ်လမ်းတို ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ စိစစ်ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ဒါရိုက်တာ ဦးဇော်မြင့်ဦးက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဆုရရှိသည့် ဇာတ်လမ်းတို (၁၀) ကားကို ဦးနှင်းမိုး၊ ဦးဇော်မင်းနှင့် ဦးရန်အောင်တို့က ပေးအပ်ချီးမြှင့်ကာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ (၇၈) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသူများက စကားဝိုင်းအဖြစ် ဆွေးနွေးခဲ့ကြသည်။

 အောင်မြင့်(ပြန်/ဆက်)