စဉ့်ကူးမြို့ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

စဉ့်ကူး မတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့စာစစ်ဌာနတွင် ယနေ့နံနက် ၉ နာရီ အချိန်မှစ၍ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာဘာသာကို အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

စဉ့်ကူးမြို့နယ်တွင် စဉ့်ကူး(စာစစ်ဌာန) တစ်ခုတွင် သာဖြေဆိုရမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က (စဉ့်ကူး)ကျောင်းတွင် ဖြေဆိုလျက်ရှိရာ အဆိုပါ စာစစ်ဌာနတွင် စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းနှင့် အဖွဲ့ဝင်များ၊ စဉ့်ကူးမြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်တို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြီးကြပ်ရေးအဖွဲ့များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီပံ့ပိုးပေးလျက်ရှိပြီး အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် နယ်မြေခံတပ်ဖွဲ့များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်။

စာမေးပွဲဖြေဆိုရန် ရောက်ရှိလာသည့် ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်းနှင့်အဖွဲ့ဝင်များက သောက်ရေသန့်၊ ပေတံ၊ ခဲတံများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

စဉ့်ကူးမြို့နယ်ရှိ စဉ့်ကူးစာစစ်ဌာနတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ဖြေဆိုရန် စာရင်းရှိကျောင်းသား (၉၃) ဦးနှင့် ကျောင်းသူ (၁၄၇) ဦး စုစုပေါင်း(၂၄၀) ဦး၊ ဖြေဆိုသူကျောင်းသား (၈၆) ဦးနှင့် ကျောင်းသူ (၁၄၀)ဦး စုစုပေါင်း (၂၂၆) ဦး ဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား (၇) ဦးနှင့် ကျောင်းသူ (၇) ဦး စုစုပေါင်း (၁၄) ဦး ရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၄.၆၀) ရှိကြောင်း စဉ့်ကူးမြို့နယ် ပညာရေးမှူးထံမှ သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)