ကျောက်ဆည် မတ် ၁၁
မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲကို ယနေ့ နံနက် (၉) နာရီက စတင်ကျင်းပလျက်ရှိရာ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၄ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အတွင်းဖြေ ကျောင်းသား (၃၅၁)ဦး၊ ကျောင်းသူ (၅၀၆)ဦး၊ အပြင်ဖြေကျောင်းသား (၂၃)ဦး၊ ကျောင်းသူ (၄၆)ဦး စုစုပေါင်း (၉၂၆)ဦး ဖြေဆိုခဲ့ပြီး ပျက်ကွက် ကျောင်းသား/ကျောင်းသူ (၃၂)ဦး ရှိသဖြင့် ဖြေဆိုသည့် ရာခိုင်နှုန်း (၉၆.၆၆) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုရာတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာနှင့် စည်းကမ်းတကျ ဖြေဆိုနိုင်ရေး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်းရှိ ဧရာဝတီ စာသင်အဆောင်နှင့် သုံးထပ်စာသင်အဆောင်များတွင် စာဖြေဌာနများ ဆောင်ရွက်ပေးထားပြီး ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ စာဖြေခန်းများ လေဝင်လေထွက်နှင့် အလင်းရောင် လုံလောက်စွာ ရရှိရေးနှင့် စာဖြေခုံများ၊ စာမေးပွဲခန်း သုံးနာရီများ၊ လျှပ်စစ်မီးများ၊ သောက်သုံးရေများ ပြည့်စုံစွာ ဆောင်ရွက်ပေးထားပြီး ကျောင်းဝင်းအပြင်နှင့်အတွင်း လုံခြုံရေးနှင့် မီးဘေးလုံခြုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ စနစ်တကျ ဆောင်ရွက်ထားကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)