မိတ္ထီလာ မတ် ၁၁
မိတ္ထီလာမြို့နယ်၌ ၂၀၂၃-၂၀၂၄ခုနှစ်တွင် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည်၊ ကန်၊ တမံများမှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
မိတ္ထိလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ နွေစပါးနှင့် အခြားသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေဖူလုံစေရေး တို့အတွက် ဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ အစိုးရထိန်း ဆည်၊ ကန်၊ တမံများမှ လယ်ယာမြေ စိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးခြင်းကြောင့် ဒေသခံ တောင်သူများ စိုက်ပျိုးရေ လုံလောက်စွာ ရရှိသဖြင့် သီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ လုပ်ငန်းများ အဆင်ပြေလျက်ရှိသည်။ ယခုနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မိတ္ထီလာကန်၊ မုန်တိုင်ဆည်၊ ချောင်းကောက်ဆည်၊ ညောင်ကုန်းတမံနှင့် ရှမ်းမငယ်ဆည်ရေတို့ဖြင့် နွေစပါးစိုက်ဧက ၃၀၀ နှင့် အခြားသီးနှံ စိုက်ဧက ၁၇၀ တို့ကို စိုက်ပျိုးသွားမည်ဖြစ်ရာ ၎င်းဆည်ကန်တမံများဖြင့် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်၍ လွှတ်ပေးလျက်ရှိသည်။
အဆိုပါ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် မိတ္ထီလာကန်၊ မုန်တိုင်ဆည်နှင့် ရှမ်းမငယ် ဆည် ရေတို့ဖြင့် ထမုန်ကန်၊ သီးကုန်း၊ မုန်တိုင်၊ ရှမ်းမငယ် ကျေးရွာအုပ်စု ၄ အုပ်စုရှိ ကျေးရွာ ၈ ရွာမှ တောင်သူ ၁၉၀ ဦးတို့က ကွင်း ၆ ကွင်းဖြင့် စိုက်ဧက ၃၀၀ စိုက်ပျိုးသွားမည်ဖြစ်ပြီး အခြားသီးနှံကို ချောင်းကောက်ဆည် နှင့် ညောင်ကုန်းတမံတို့ဖြင့် မြာကျေးရွာအုပ်စု၊ ခင်တဲကျေးရွာအုပ်စု ၂ အုပ်စုရှိ ကျေးရွာ ၇ ရွာမှ တောင်သူ ၁၁၇ ဦးက ကွင်း ၄ ကွင်းဖြင့် စိုက်ဧက ၁၇၀ တို့ကို စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)