အဋ္ဌမအကြိမ် မြို့နယ်သံဃနာယကအဖွဲ့၏ အဋ္ဌမအကြိမ် ​မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမနှစ်ပတ်လည် အစည်းအဝေး ပြုလုပ်

မန္တလေး မတ် ၁၁

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ၂၇×၂၈ လမ်းကြား၊ ၈၈×၈၉ လမ်းကြားရှိ မဟာလောကရံသီအိမ်တော်ရာစေတီတော်၊ ရတနာဃရ (၁၄)ခန်း ဓမ္မဗိမာန်တော်တွင် အဋ္ဌမအကြိမ် မြို့နယ်သံဃနာယကအဖွဲ့၏ အဋ္ဌမအကြိမ် ​မြို့နယ်သံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမနှစ်ပတ်လည် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲတစ်နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မိုးကောင်းတိုက်၊ သုံးထပ်စာချကျောင်းဆရာတော် ဘဒ္ဒန္တဝိဓူရ အမှူးပြုသည့် အဖွဲ့ဝင်ဆရာတော်များ၊ မြို့နယ်သံဃဝန်ဆောင်ဆရာတော်များ ကြွရောက်တော်မူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦလှထွဋ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝေလင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်အတွင်းရှိ အထင်ကရဘုရား၊ စေတီများမှ  ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အဆိုပါ အစည်းအဝေးတွင် ဘဒ္ဒန္တဝီဓူရက သြဝါဒကထာ မိန့်ကြားပြီး မြို့နယ်သြဝါဒါစရိယ ဆရာတော် ၃ ပါးအား ရွေးချယ်၍ ဦးလှထွဋ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ထို့နောက် မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်များက နှစ်ပတ်လည် အစီရင်ခံစာ တင်သွင်းလျှောက်ထားခြင်း၊ အတည်ပြုသင့်ကြောင်း အဆိုတင်သွင်းခြင်း၊ ထောက်ခံကြောင်း လျှောက်ထားခြင်း၊ အတည်ပြုခြင်း အစီအစဉ်များ ဆောင်ရွက်ကာ အစည်းအဝေး ရုပ်သိမ်းကြောင်း သတင်းရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)