ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် ဖွင့်လှစ်ပေးသွားမည့် စာစစ်ဌာနများ၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ကြစေရန်အတွက်၊ ပြင်ဆင်ထားရှိမှု အခြေအနေများကို၊ မတ်လ(၈)ရက်နေ့ နံနက်(၉:၃၀)နာရီက ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်အဆင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် မြို့နယ်အဆင့် တာဝန် ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်တာဝန်ရှိသူများသည် လွတ်လပ်ရေး ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ရောက်ရှိကြရာ၊ စာမေးပွဲခန်းပြင်ဆင်ထားရှိမှု၊ လုံခြုံရေးခန်းပြင်ဆင်ထားရှိမှု၊ ကျန်းမာရေးဌာနပြင်ဆင်ထားရှိမှုနှင့် စာမေးပွဲကြီးကြပ် ရုံးခန်းပြင်ဆင်ထားရှိမှုများကို မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် တာဝန်ကျဆရာမကြီးတို့က လှည့်လည်ရှင်းလင်းပြသကြသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျောင်းသားကျောင်းသူများ စိတ်အေးချမ်း သာယာစွာ ဖြေဆိုနိုင်ရေး အရေးကြီးကြောင်းနှင့် ပတ်ဝန်းကျင် ဆူညံသံများမရှိစေရေး၊ သောက်သုံးရေ လုံလောက်စွာထားရှိရေး၊ ရေအိမ်များသန့်ရှင်းရေးနှင့် စာမေးပွဲခန်းများတွင် အလင်းရောင်လုံလောက်စွာရရှိ ရေးအတွက်၊ လိုအပ်ပါက လျှပ်စစ်မီး/မီးစက်မီး ရရှိရေး ကြိုတင်ပြင်ဆင်ထားရှိရန်တို့ကို မှာကြားသည်။
ဆက်လက်၍ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လက်ပန်ပျားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနနှင့် ပုပ္ပားအခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများသို့ ဆက်လက်သွားရောက် စစ်ဆေးခဲ့သည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန(၃)ခု အဖြစ်၊ အမှတ်(၁) အ.ထ.က စာစစ်ဌာန၊ ပုပ္ပားအ.ထ.က စာစစ်ဌာနနှင့် လက်ပန်ပျား အ.ထ.က စာစစ်ဌာန ဟူ၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါ စာစစ်ဌာနများတွင် အတွင်းဖြေ ကျား ၂၂၇ ဦး၊ မ ၃၂၇ ဦး၊ အပြင်ဖြေ ကျား ၄၉ ဦး၊ မ ၁၆၄ ဦး စုစုပေါင်း ကျား ၂၇၆ ဦးနှင့် မ ၄၉၁ ဦး တို့ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်းသိရသည်။
စာစစ်ဌာနများ ကွင်းဆင်းစစ်ရေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်အဆင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် မြို့နယ်ပညာရေးမှူး၊ မြို့နယ်လျှပ်စစ်၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်းသည်။
နေအောင်(ပြန်/ဆက်)