ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံစေရေး၊ ငါးသယံဇာတတိုးပွားရေး အတွက် ငါးမွေးကန်များစာရင်းနှင့် မြေအသုံးချမှုမှန်ကန်စေရေး၊ လိုအပ်သည့်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ငါးမွေးတောင်သူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား မတ် ၁၀

ကချင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံစေရေး၊ ငါးသယံဇာတတိုးပွားရေးအတွက် ငါးမွေးကန်များစာရင်းနှင့် မြေအသုံးချမှုမှန်ကန်စေ‌ရေးအတွက် ဥပဒေအညီဖြစ်စေရေး၊ လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ငါးမွေးတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို မတ် ၉ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စိုက်ပျိုးမွေးမြူရေးဖွံ့ဖြိုးတိုးတက် ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေးတောင်သူ များ၊ မွေးမြူရေးတောင်သူများ၊ လုပ်ငန်းရှင်များနှင့် ယခုလိုတွေ့ဆုံညှိနှိုင်းကာ လိုအပ်ချက်များကို အချင်းချင်းပေါင်းစပ်ဆောင်ရွက်ခြင်းအားဖြင့် တိုးတက်မှုမြန်ဆန်လာမည်ဖြစ်သကဲ့သို့ တောင်သူများ ဘဝတိုးတက်မှုလည်း ပိုမိုမြန်ဆန်လာမည်ဖြစ်ပါကြောင်း၊ ယနေ့ငါးမွေးတောင်သူများအနေဖြင့် မွေးမြူရေးကန်အဖြစ် အသုံးပြုထားသော မြေအမျိုးအစားအလိုက် ဥပဒေလုပ်ထုံးလုပ်နည်းများကို သိရှိနားလည်စေရန်နှင့် မြေပြင်လုပ်ငန်းစာရင်းတိကျမှန်ကန်စေရေး၊ လုပ်ပိုင်ခွင့်နှင့် မြေအသုံးချမှုအပေါ် စနစ်တကျဖြစ်စေရေး၊ ဒေသတွင်းငါးရိက္ခာနှင့် အစာအဟာရလိုအပ်ချက်၊ ဝင်ငွေတိုးပွားရေးတို့အတွက် ကူညီပံ့ပိုးနိုင်သည်များကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်း မှာကြားသည်။

ယင်းနောက် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က ပြည်နယ်အတွင်း ငါးမွေးမြူရေးကန်များအဖြစ် အသုံးပြုထားသည့် မြေဧရိယာ အခြေ အနေများနှင့် လယ်ယာမြေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အသုံးချမှုအပေါ် သိရှိနားလည်သင့် သည့် ဥပဒေ/နည်းဥပဒေများကိုလည်းကောင်း၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ရဲထွဋ်လွင်က ငါးမွေးမြူရေးလုပ်ငန်းအတွက် ခွင့်ပြုချထားပေးနေမှု အခြေအနေများ၊ ဌာန သို့ လာရောက်လျှောက်ထားမှုများအပေါ် လိုအပ်သည့် အခြေအနေများကို လည်းကောင်း ရှင်းလင်း ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ငါးမွေးတောင်သူများ၊ လုပ်ငန်းရှင်များက ငါးမွေးမြူရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ငါးကန်များ မြေအသုံးချမှုမှန်ကန်စေရေး လျှောက်ထားတင်ပြရမည့် နည်းလမ်းများ၊ ရေရရှိရေးနှင့် နည်းပညာအခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီး ချုပ်က ငါးမွေးမြူရေးလုပ်ငန်းများ တိုးတက်မြင့်မားရေး၊ နည်းပညာလိုအပ်ချက်များနှင့် သွင်းအားစု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

ကချင်ပြည်နယ်အတွင်း ငါးမွေးမြူရေးကန်များအဖြစ် လုပ်ငန်းဆောင်ရွက်မှု၊ မြေအသုံးချမှု အနေဖြင့် ခွင့်ပြုပြီးဧရိယာ၊ လျှောက်ထားဆဲဧရိယာနှင့် လျှောက်ထားခြင်းမရှိသေးသည့် ဧရိယာ စုစုပေါင်း (၂၄၈၆ ဒဿမ ၃၄) ဧရိယာရှိပြီး ငါးမွေးမြူလုပ်ကိုင်သူများအနေဖြင့် မြစ်ကြီးနားခရိုင်သည် ၁၁၀၅ ဒဿမ ၈၅ ဖြင့် ငါးအများဆုံးမွေးမြူထုတ်လုပ်သည့် ခရိုင်တစ်ခုဖြစ်ပြီး ချီဖွေခရိုင်သည် ငါးမွေး မြူမှုလုံးဝမရှိသော ခရိုင်တစ်ခုဖြစ်ကြောင်း ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် မြေစာရင်းဦးစီး ဌာနက သိရသည်။

ပြည်နယ် (ပြန်/ဆက်)