စဉ့်ကူးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိလာသည့် နယ်ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

စဉ့်ကူး မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန် ရောက်ရှိလာသည့် နယ်ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို စဉ့်ကူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်းတို့က စဉ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာအသီးသီးတို့မှ အခြေခံပညာအထက်တန်းကျောင်း (စဉ့်ကူး) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိလာသည့် ကျောင်းသား/ကျောင်းသူ (၁၀၉)ဦး၊ ဆရာ/ဆရာမ (၄၄)ဦးနှင့် ကျောင်းသားမိဘ (၅၈)ဦး၊ ပြည်သူ့စစ်အဖွဲ့ဝင်(၂၀)ဦး၊ စုစုပေါင်း (၂၃၁)တို့အား တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးခြင်းကို မတ်လ ၉ ရက်နေ့မှစ၍ စာမေးပွဲဖြေဆိုပြီးသည့်အချိန်အထိ နေ့စဉ် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး တစ်ဦးလျှင် ဆန်(၃)ဗူး၊ ဆီ(၂.၅)ကျပ်သား၊ အမယ်စုံ(၅၀၀)ကျပ်၊ ကြက်ဥ(၁)လုံး၊ အသား (၁၀)ကျပ်သားနှုန်းဖြင့် စုစုပေါင်း ဆန်(၆၉၃)ပြည်၊ ဆီ(၄၆.၂၀)ပိဿာ၊ အမယ်စုံ(၉၂၄၀၀၀)ကျပ်၊ ကြက်ဥ(၁၈၄၈)လုံး၊ အသား (၁၈၄.၈) ကျပ်သား၊ ရွှေဖရုံသီး၊ ဖရဲသီး၊ သောက်ရေသန့်နှင့် ထင်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် တည်းခိုနေထိုင်ရန်နေရာများအား စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)