ကွမ်းခြံကုန်း နိုဝင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် စက်တင်ဘာလ(၁၃)ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူတစ်ဦး စတင်တွေ့ရှိခဲ့ပြီး ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ(၁၅၈)ဦးရှိ၍ သေဆုံးသူ(၄)ဦးရှိသွားပြီဖြစ်ပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့် ရရှိသူ(၁၃၅)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုး (Positive)ရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူ(၅၂)ဦးအား မြို့ပေါ်နှင့် ကျေးလက် များတွင် ဖွင့်လှစ်ထားသော အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာ(၃)ခုတွင် ထားရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းပြီး လိုအပ်သော ကိစ္စရပ်များအား သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှု ကူညီရေး အသင်းအဖွဲ့များ၊ စေတနာရှင် ပြည်သူများ၏ ထောက်ပံ့ကူညီမှုများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိသည်။ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါနှင့် အနီးကပ်ထိတွေ့သူများ ထားရှိရန်အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာ(၂၇)ခု ပြင်ဆင်ထားပြီး(Positive)တွေ့ရှိသူများအား ယာယီ ထားရှိ ရန် အောင်ဆန်းသူရိယ အားကစားခန်းမအား(Positive Center)အဖြစ် ပြင်ဆင်ဆောင်ရွက်ထား ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ပြန်/ဆက်)