သပိတ်ကျင်း မတ် ၁၀
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ သိရှိနားလည်စေရန်၊ ပြည်သူလုထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပံ့ပိုးကူညီဆောင်ရွက်နိုင်စေရန်၊ လူမှုကွန်ရက်မီဒီယာများနှင့် တရားမဝင်သတင်းဌာနများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းမှားများကို အယုံလွယ်လမ်းမှားမရောက်စေရေး၊ တရားဝင်သတင်းဌာနများ၏ ထုတ်ပြန်ချက်များကိုသာလေ့လာနိုင်ရေး အသိပညာပေးဆောင်ရွက်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ ကဘဲ့ရပ်ကွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်ကပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သပိတ်ကျင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်တွင်ရှိသည့် နိုင်ငံစွမ်းအားစုအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းသည် အမျိုးသားစစ်မှုထမ်းစနစ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးစိုးမင်းသူက ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့်သူများ၊ စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ရရှိနိုင်မည့်အခွင့်အရေးများ၊ စစ်မှုထမ်းဆောင်ခြင်းမှ ရှောင်လွှဲပါက ကျသင့်မည့်ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးဒုတိယရဲမှူးကြီးဖြိုးဝေနှင့်ခရိုင် ဥပဒေအရာရှိတို့က ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေ၏ ပြစ်မှုနှင့်ပြစ်ဒဏ်များ ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုးတက်သောနိုင်ငံများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းထားပါကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ ဌာန၊ ရပ်ကွက်/ ကျေးရွာများတွင် ယခုရှင်းလင်းပွဲမှရရှိခဲ့သည့် သိမှတ်ဖွယ်ရာများအား ထပ်ဆင့်ပြန်လည်မျှဝေ အသိပေးကြစေလိုကြောင်းစသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကာ တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ သပိတ်ကျင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင့်အဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ YMBAအသင်းဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံလူငယ်များ၊ ရပ်မိရပ်ဖများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင်ရှောက်ရေးအသင်းဝင်များ စုစုပေါင်းအင်အား (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)