ကျိုက်မရောဒေသထွက် မေမြို့ပန်းများ အောင်မြင်ဖြစ်ထွန်း၍ စျေးကောင်းရရှိ

ကျိုက်မရော မတ် ၁၀

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ဘိန်းဗျောကျေးရွာ၌  မေမြို့ပန်းများ လှိုင်လှိုင်ထွက်ရှိကာ ပန်းစျေးလည်းကောင်း၍ စီးပွားဖြစ်ပန်းစိုက်တောင်သူများ မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။

ဘိန်းဗျောကျေးရွာမှ ပန်းစိုက်ခင်းများ အောင်မြင်လျက်ရှိပြီး ယခုနှစ်တွင် ဂန္တမာပန်းအပြင် မေမြို့ပန်းများကိုပါ စမ်းသပ်စိုက်ပျိုးလာကြရာ  ယခုချိန်၌ လှိုင်လှိုင်ထွက်ရှိနေပြီးဖြစ်သည်။

မေမြို့ပန်းများကို ယခုနှစ်ဆောင်းရာသီတွင် မေမြို့ဘက်မှ အစေ့များမှာယူ၍ ပျိုးထောင်ကာ စိုက်ပျိုးကြကြောင်း မေမြို့ပန်းသည် မြေပွ၍ သဲနှုန်းဆန်သည့်မြေဆီလွှာကို ပို၍နှစ်သက်ပြီး အထွက်နှုန်းလည်းကောင်းသဖြင့် မေမြို့ပန်းကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများလာကာ ပန်းစျေးမှာလည်း ယခင်နှစ်ကထက် ပိုမိုကောင်းပြီး ပန်းစည်းလက်ဆုပ်တစ်စည်းလျှင် ဆယ်ပွင့်ပါပြီး တစ်စည်းကို ၃၀၀၀ ကျပ်ထိ စျေးကောင်းရရှိနေ၍ အဆင်ပြေပြီး မိသားစု အပိုဝင်ငွေလည်းရရှိကြောင်း မေမြိုပန်းစိုက်ပျိုးရောင်းချသူ ဒေါ်ယမင်းထံမှ သိရသည်။

ယခုရာသီတွင် နေပူရှိန်ပြင်းလွန်း၍ ပန်းခက်လေးတွေ နေမလောင်ရအောငိ အထူးဂရုစိုက် ရကြောင်း နေပြင်းချိန်မှာ ရေမလောင်းရပဲ ညနေခင်းအပူချိန်ကျမှ သာရေလောင်းခြင်း၊ ပိုးကောင်လေးများအား ဖမ်းပေးခြင်း၊ ဆေးဖြန်းခြင်းများကို ဂရုစိုက်၍ ဆောင်ရွက်ပေးရကြောင်း  သိရသည်။ ဒေသထွက်မေမြို့ပန်းများကို အခြားသောမြို့ကြီးများထိ ဖောက်သည်ပေးရကြောင်း သိရသည်။

မိချို (ပြန်/ဆက်)