ရှမ်းပြည်နယ် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

တောင်ကြီး မတ် ၁၀

၂၀၂၄ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယမန်နေ့နံနက် (၉) နာရီက တောင်ကြီးမြို့၊ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။

အောင်နိုင်ရေးအလံ ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က မြန်မာနိုင်ငံတွင် ပြည်နယ်နှင့်တိုင်း အမျိုးသားလောလုံးပြိုင်ပွဲကို ၁၉၅၂ခုနှစ်တွင် ပထမဆုံးစတင်ကျင်းပခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် ရှမ်းပြည်နယ်ဘောလုံးအသင်းအနေဖြင့် ပထမဆုံးချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ၎င်းနောက်ပိုင်းတွင်လည်း စုစုပေါင်း(၁၀)ကြိမ်တိုင်အောင် ချန်ပီယံဆုရှိခဲ့သည်ကို တွေ့ရပါကြောင်း၊ ၂၀၂၃ခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော (၈) လနီးပါးယှဥ်ပြိုင်ကစားခဲ့ရသည့် FIFAM FFU- 15 YOUTH LEAGUE 2023 ပြိုင်ပွဲတွင် SHANFC (SOUTHERN) အသင်းသည် အထက်မြန်မာပြည်ချန်ပီယံဖြစ်ခဲ့ပြီး အောက်မြန်မာပြည်ချန်ပီယံ ရခိုင်ယူနိုက်တက်နှင့် ယှဥ်ပြိုင်ကစားခဲ့ရာ ထပ်မံအနိုင်ရရှိကာ မြန်မာတစ်ပြည်လုံး ချန်ပီယံဆုရရှိခဲ့သည်ကို တွေ့ရမှာဖြစ်ကြောင်း၊ ရှမ်းပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ပထမဆုံးအကြိမ် ပြန်လည်ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို သွားရောက်ယှဥ်ပြိုင်ရမှာဖြစ်သည့်အတွက် အစဥ်အလာအရ အောင်မြင်မှုရရှိရန် မျှော်လင့်ပါကြောင်း၊ ရှမ်းပြည်နယ် အမျိုးသားဘောလုံးအသင်းအနေဖြင့် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်မိမိပြည်နယ်အတွက် ကြိုးစားဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးအသင်းအုပ်ချုပ်သူမှ ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများအားတင်ပြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ချီးမြှင့်ငွေပေးအပ်ရာ အသင်းအုပ်ချုပ်သူနှင့် နည်းပြများမှ လက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံး ဝင်ရောက်ယှဥ်ပြိုင်မည့် အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး နွေရာသီအခြေခံ အားကစားသင်တန်းခန်းမတွင် သင်တန်းသား၊ သင်တန်းသူများ အားကစားလေ့ကျင့်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(ပြန်/ဆက်)