မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ် (၅၀) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ (၁၅၄.၁၇) ဧကအား တောင်သူများသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား တက်ရောက်

ပေါင် မတ် ၁၀

၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ (၁၅၄.၁၇) ဧကအား တောင်သူများသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ် (မြောက်) ကျေးရွာအုပ်စု၊ စက်မှုလယ်ယာမြေစနစ်ကျ လယ်ယာမြေစီမံကိန်း ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးတို့က နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ (၁၅၄.၁၇) ဧကအား တောင်သူများသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားမုဒ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ဆက်လက်ပြီး စက်မှုလယ်ယာဦးစီးဌာန၊ အောက်မြန်မာပြည်လယ်ယာမြေဖော်ထုတ်ရေးအဖွဲ့၊ စီမံကိန်းတာဝန်ခံမှ စက်မှုလယ်ယာစနစ်ကျလယ်ယာမြေ (၁၅၄.၁၇) ဧက ဖော်ထုတ်ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သည့် စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေးနှင့် စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးစားပေးကဏ္ဍအနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသတွင်းစာနပ်ရိက္ခာဖူလုံမှုရှိစေရန်အတွက် ဆန်စပါးစိုက်ပျိုး ခြင်းအပြင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများအတွက် ဘက်စုံနည်းပညာသုံး စံပြစိုက်ကွက်များ ဖော်ဆောင်၍ စိုက်ပျိုးသည့် နည်းစနစ်များ၊ သွင်းအားစုများကိုလည်း အဖက်ဖက်မှ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လယ်ယာကဏ္ဍ အကောင်အထည်ဖော်ဆောင်ရာတွင် အလုပ်သမားရှားပါးမှု၊ လုပ်ခစရိတ်ကြီးမြင့်မှု၊ အထွက်နှုန်း နည်းပါးမှုအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် လယ်ယာမြေများကို ဧကကွက်ကျယ်ဖြစ်အောင် ပြုပြင်ပြီး စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များကို  မိမိနိုင်ငံအတွင်း၌ ဖူလုံစွာစိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပအစားထိုးသွင်းကုန်များ လျော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံစီးပွားရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးရေးနှင့် မျိုးမှန်၊ မြေမှန်၊ ရေမှန်၊ စိုက်နည်းမှန်များဖြင့် စိုက်ပျိုးနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် တောင်သူများအနေဖြင့်လည်း စိုက်ပျိုး ထုတ်လုပ်မှု တိုးတက် မြင့်မားစေရေး အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားကာ ပေါင်မြို့နယ်၊ ရင်းငြိမ် (မြောက်) ကျေးရွာအုပ်စုရှိ ဖော်ထုတ်ပြီး စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ (၁၅၄.၁၇)ဧကအားတောင်သူများသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဲဒီနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က တောင်သူများအား ရွှေဇီဝသဘာဝမြေဩဇာများနှင့် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်မျိုးစေ့များအား ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဒေသခံတောင်သူများမှ စိုက်ပျိုးရေအား ဆိုလာရေတင်စနစ်အပါအဝင် နည်းလမ်းပေါင်းစုံမှ ရရှိနိုင်ရေးဆောင်ရွက်ပေးလိုမှု၊ ကုန်ထုတ်လမ်း၊ တံတားများ အဆင့်မြှင့်တင်ခြင်း၊ ရေထိန်းတံခါးနှင့် ရေထုတ်ပြွန်များ ဆောင်ရွက်ပေးလိုမှု၊ လယ်ယာသုံးစက်ကိရိယာများနှင့် အထွက်နှုန်းကောင်း မျိုးစပါးများ ကူညီထောက်ပံ့ပေးလိုမှုတို့အား တင်ပြတောင်ခံခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ခင်းကျင်းပြသထားသော လယ်ယာသုံးစက်ကိရိယာများအား ကြည့်ရှုအားပေးခဲ့ပြီး ဖော်ထုတ်ထားသော စနစ်ကျ လယ်ယာမြေ (၁၅၄.၁၇) ဧကအား မော်တော်ယာဉ်များဖြင့် ကြည့်ရှုစစ်ဆေးခဲကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)