ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် စိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ရေး လိုအပ်သော စက်ကိရိယာများအကြောင်း ခေါင်းစဉ်ဖြင့် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကျင်းပ

ဇေယျာသီရိ မတ် ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမ၌ ၂၇ ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို စိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ရေး  လိုအပ်သော စက်ကိရိယာများအကြောင်း ခေါင်းစဉ်ဖြင့် ယနေ့နံနက်ပိုင်းက ဆွေးနွေးခဲ့သည်။

အဆိုပါ တောင်သူပညာပေးဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနိုင်ကြည်ဝင်းမှ ယခုဆိုလျှင် တောင်သူနည်းပညာဆွေးနွေးပွဲအား စဉ်ဆက်မပြတ် ကျင်းပလာခဲ့သည်မှာ ၂၇ ကြိမ်တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊  စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါသည့် မျိုး၊ မြေ၊ ရေ၊ နည်းစနစ်တိုအား တောင်သူများ၏ လိုအပ်ချက်အပေါ် အခြေခံ၍ အပတ်စဉ် ဆွေးနွေးပေးခဲ့ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ရာတွင် တောင်သူ များက အဓိကကျပါကြောင်း၊ တောင်သူများအနေဖြင့် နည်းပညာဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေး ခြင်း၊ မိမိတိုသိရှိသည်များ၊ ကြုံတွေ့ရသည့်ပြသနာများအား ပြန်လည်ဆွေးနွေးပေးခြင်းဖြင့် အဆိုပါပြသနာများအားဖြေရှင်းရန် တောင်သူပြသနာအားအခြေခံသည့် သုတေသနများလည်း ဆောင်ရွက် လာနိုင်မည်ဖြစ်ပါကြောင်း၊  တောင်သူများအနေဖြင့်လည်း ဆွေးနွေးပွဲမှရရှိသည့် မျိုး၊ နည်းပညာအသစ်များအပေါ် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လက်ခံသင့်သည်များအား လက်ခံကာ ပြောင်းလဲသင့်သည်များကို ပြောင်းလဲရန်လိုအပ်ပါကြောင်းနှင့် ကြုံတွေ့နေရသည့် လုပ်သားရှားပါးမှု အခြေအနေများအား ကျော်လွှားရန်မှာ စက်မှုလယ်ယာကဏ္ဍက အဓိကအခန်းကဏ္ဍမှ ပါဝင်သည့်အတွက် ယနေ့နည်းပညာဆွေးနွေးပွဲတွင် တောင်သူများအနေဖြင့် အားလုံးပါဝင်ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။  ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာနမှ  ညွှန်ကြားရေးမှူး များဖြစ်ကြသည့် ဦးကျော်စိုးနှင့် ဦးနိုင်ဦးတိုမှ စိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ရေး လိုအပ်သော စက်ကရိယာအကြောင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်မိုးမျိုးတင့်နှင့် စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများသိသင့်သည်များအား ဖြည့်ဆွက်ဆွေးနွေးပေးခဲ့ကြပြီး တောင်သူများက သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် စက်မှုလယ်ယာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းမှ တောင်သူများအား စက်မှုလယ်ယာဦးစီးဌာနမှ ဆောင်ရွက်နေသော လုပ်ငန်းများဖြစ်သည့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စနစ်ကျလယ်ယာမြေ၊ ကုန်းမြင့်လယ်ယာမြေနှင့် မြေလွတ်မြေရိုင်းများ ဖော်ထုတ်ခြင်း၊ လယ်ယာသုံးစက်ကိရိယာများ ဖြန့်ဖြူးပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျကိုင်တွယ် ထိန်းသိမ်းအသုံးပြုနိုင်ရေး လေ့ကျင့်သင်ကြားပေးနေမှုများ၊ လယ်ယာသုံးစက်ကိရိယာအမျိုးမျိုးကို စမ်းသပ်သုတေသနပြုလုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြခြင်း ဆောင်ရွက်နေမှုများများ၊ တောင်သူပိုင်လယ်ယာသုံး စက်ကိရိယာများ ပြင်ဆင်ပေးခြင်းများအား တက်ရောက်လာသည့်တောင်သူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)