မုဒုံ မတ် ၁၀
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာအရှင်သူမြတ်တို့အား အောင်လက်မှတ်၊ စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်နှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကို ယမန်နေ့က က္ကစ္ဆာသယသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဂျုံးဂျုံးဂျတောရကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကိတ္တိဝဏ္ဏထံမှ ဧည့်ပရိသတ် အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သြဝါဒကထာ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ကျောင်းသစ်ကျောင်းဆရာတော်မှ စာအောင်ဆုချီးမြှင့်မည့် အစီအစဥ်များကို ရှင်းလင်းမိန့်ကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကန်ကြီးစေတီတော် ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက ဓမ္မာစရိယစာအောင် သံဃာတော် (၂၉) ပါး၊ ပါဠိပထမပြန် စာအောင်သံဃာတော် (၃၄၁)ပါးအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူ၍ ရေစက် သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ထို့နောက် ဆရာတော်ကြီးများ၊ စာအောင်သံဃာများနှင့် ပင့်သံဃာများအား ဧည့်ပရိသတ် အပေါင်းတို့က ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း (၅၀၀) ခန့်အား ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)