မိုင်းပန် မတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် (၅၈)ကြိမ်မြောက် မဟာသတိပဋ္ဌာန်ညီလာခံအစည်းအဝေးနှင့် မိုက်ညုကမ္မဋ္ဌာန်းတိုက်၏ (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် တရားပွဲတော်ကြီးကို လွိုင်နွဲ့ကျေးရွာ၊ မိုက်ညုကမ္မဋ္ဌာန်းတိုက်၌ ယမန်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။
ဗုဒ္ဓမြတ်စွာသာသနာတော်တည်တံ့ပြန့်ပွားစေခြင်းအကျိုးငှာ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရှမ်းပြည်နယ်လုံးဆိုင်ရာ မူလမင်းကွန်းသာသနာ့မာန်အောင် ကမ္မဋ္ဌာန်းတိုက်များ၏ တရားပြဆရာများအဖွဲ့နှင့် ပဋိပတ္တိသာသနာနုဂ္ဂဟအဖွဲ့များ၏ (၅၈)ကြိမ်မြောက် မဟာသတိပဋ္ဌာန်ညီလာခံအစည်းအဝေးနှင့် မိုက်ညုကမ္မဋ္ဌာန်းတိုက်၏ (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် တရားပွဲတော်ကြီးတွင် ယမန်နေ့နံနက်ပိုင်းက ဘုရာဆင်းတုတော်အနေကဇာတင်ခြင်း၊ ပွဲတော်ဖွင့်ပွဲအခမ်းအနားစတင်ခြင်း၊ တရားပြဆရာတော်များ၏ ပဏာမအစည်းအဝေးနှင့် နေ့လည်ပိုင်းတွင် သာသနာနုဂ္ဂဟအဖွဲ့၏ ပဏာမအစည်းအဝေး ကျင်းပခဲ့သည်။
ဆက်လက်၍ ညနေ ၇ နာရီအချိန်တွင် တရားပွဲကျင်းပသွားမည်ဖြစ်ပြီး ၁၃၈၅ ခု၊ တပေါင်းလဆန်း (၁)ရက်နေ့တွင် ပထမနေ့အစည်းအဝေးနှင့် တပေါင်းလဆန်း(၂)ရက်နေ့တွင် ဒုတိယနေ့အစည်းအဝေး ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် တပေါင်းလဆန်း (၃)ရက်နေ့တွင် ပွဲတော်ကြီးအတွက် ရေစက်ချတရားတော်နာယူမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နော်မှိုင်း(ပြန်/ဆက်)