မြစ်ကြီးနား မတ် ၁၀
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာ မြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ် ၉ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ “ကုန်သည်ကြီးများ” ဟိုတယ် သင်တန်းခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ကချင်ပြည်နယ် အိမ်ခြံမြေ အကျိုးဆောင်များနှင့် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေး က ငွေကြေးခဝါချမှုဆိုသည်မှာ (Proceed of Crime -POC) ဟုခေါ်သော ပြစ်မှုကျူးလွန်ရာမှ ရရှိသော ပစ္စည်း၊ ငွေးကြေး၊ အကျိုးအမြတ်(ငွေမဲ) များကို ဥပဒေအရ အရေးယူခြင်းမှ ရှောင်ရှား နိုင်ရန် မူလဇစ်မြစ်၊ ပိုင်ဆိုင်မှု၊ တည်နေရာ၊ ပုံပန်းသဏ္ဍန်များကို အသွင်ပြောင်းလဲရန် ရည်ရွယ်၍ ပြောင်းလဲခြင်း၊ လွှဲပြောင်းခြင်းများ ဖြစ်ပါကြောင်း၊ ထို့သို့ငွေကြေးခဝါချမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ ပြည်နယ်အတွင်းမှ အိမ်ခြံမြေ အကျိုးဆောင်များကို အသုံးချမသွားစေ ရန် အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲများ ကျင်းပနေရခြင်း ဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ် အိမ်ခြံမြေ ဝန်ဆောင်မှုဝန်ဆောင်မှုအသင်း ဥက္ကဌ ဦးတင့်ဆွေက သင်တန်းတွင် ပို့ချဆွေးနွေးသည့် သင်ခန်းစာများကို လေ့လာမှတ်သားကြပြီး လုပ်ငန်းစဉ်များ ကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့အကျိုးကို ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း လမ်းညွှန်မှာကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးတင့်ဇော် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်း တွင် ဆွေးနွေးသွားမည့် ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းများအား ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ သင်တန်းတွင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ အိမ်ခြံမြေဝန်ဆောင် မှု လုပ်ငန်းဆောင်ရွက်နေသည့် အသင်းဝင်အင်အား (၁၄၀) ကျော် တက်ရောက်လျက်ရှိပြီး မတ်လ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု ဆုံးရှုံးနိုင်ခြေအန္တရာယ် ရမှတ်တွက်ချက်ခြင်း၊ ကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ်များ နှင့် AML/ CFT ဆိုင်ရာလုပ်ငန်းစဉ်များ၊ မူဝါဒနှင့် လုပ်ထုံး လုပ်နည်းများနှင့်ပတ်သက်၍ မတ်လ ၁၁ ရက်မှ ၁၂ ရက်နေ့အထိ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ဆက်လက်ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ယော်ဆောင်(ပြန်/ဆက်)